ပေါင်းတည်မြို့နယ်တွင် မန်ကျည်းသီးမှည့်များ စျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

ပေါင်းတည် မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယခုကာလ မန်ကျည်းသီးမှည့်ပေါ်ချိန် အဝယ်ဒိုင်များဖွင့်လှစ်၍ ရောင်းဝယ်ဖောက်ကား လျက်ရှိပြီး မန်ကျည်းသီးမှည့် စျေးကောင်းရောင်းရသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

မြို့နယ်အတွင်းရှိကျေးရွာများ၌ ရှေးယခင် ဘိုးဘေးဘီဘင်များ စိုက်ပျိုးထားခဲ့သော မန်ကျည်းပင်များသည် ယနေ့သားစဉ်မြေးဆက်အထိ နှစ်စဉ်ဝင်ငွေရနေခြင်း ဖြစ်ပြီး ယနေ့တွင် အခွံချွတ်ပြီးသား မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့်အနှစ်သား တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ခန့်ဖြင့် ဒေသခံအဝယ်ဒိုင်များဖြစ်သော နတ်ပုတီးကျေးရွာ ကုန်စိမ်းဒိုင်နှင့် ၄၁ လမ်းနှင့် ၂၈ လမ်းရှိ အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရပ်ရွာအတွင်းရှိ မန်ကျည်းပင်ပိုင်ရှင်များနှင့် အဝယ်ဒိုင်များက မန်ကျည်းသီးမှည့်အတောင့်များကို အနှစ်သားရရှိအောင် ထုချေအစေ့ထုတ်ရပြီး တစ်ပိဿာလျှင် အလုပ်သမားခ ၅၀၀ ကျပ် ပေးရကြောင်း၊ ရရှိလာသောအနှစ်သားများကို သိပ်သည်းအောင် ဖိနှိပ်ကာ အလုံး၊ လေးထောင့် အတုံးပုံစံများ ပြုလုပ်ပြီး ထုပ်ပိုးကာ စျေးကွက်ရှိရာ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ရပ်ရွာပြည်သူများအနေဖြင့် အလုပ်အကိုင်ရရှိကာ မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )