ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

ပဲခူး မတ် ၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂ဝ၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ရရှိတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား အခမ်းအနားဖြင့် ပင့်ဆောင်ပြီး “နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား” ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် ပူဇော်ပြီး ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူး၊ ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနား ဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားခဲ့သည်။

ထို့နောက်နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရရှိသော ပဲခူးမြို့၊ ပန်းလှိုင် စာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တရာဇိန္ဒ မထေရ်မြတ်ထံမှ သမ္မောဒနီယ ဩဝါဒကထာအား နာယူတော်မူခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများမှလည်းကောင်း၊ သီလရှင်ဆရာကြီးများနှင့်အား လူပုဂ္ဂိုလ်တို့အား တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းချီးမြှင့်ခဲ့ကြသည်။

ယင်းနောက်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်(ရွှေကျင်)(အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဥက္ကံသ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိတော်မူသော ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် အလှူရှင်အပေါင်းတို့က ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။

အဆိုပါပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၃-ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်ရ ဆရာတော် ၃ ပါး၊ သီလရှင် ၁ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်ရ ဆရာတော် ၅ ပါး၊ သီလရှင် ၂ ပါး မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ရဆရာတော် ၇ ပါး၊ သီလရှင် ၁ပါး၊ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ရဆရာတော် ၅ ပါး၊ လူပုဂ္ဂိုလ် ၁ ဦး၊ မဟာကမ္မဌာနာစရိယဘွဲ့တံဆိပ်ရဆရာတော် ၁ ပါး၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်ရဆရာတော် ၂ ပါး၊ သုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ်(မ)၁ ဦး စုစုပေါင်း ဆရာတော်၂၃ ပါး၊ သီလရှင် ၄ ပါးနှင့် လူပုဂ္ဂိုလ် ၂ ဦးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် ပြန်/ဆက်