ပြည်မြို့ ဗိုလ်တစ်ထောင်ရပ်ကွက်၌ "ပညာဘဏ်တိုက်စာကြည့်တိုက်" အဆောက်အအုံသစ်ဖွင့်လှစ်

ပြည် မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲနယ်မြေ ဗိုလ်တစ်ထောင်ရပ်ကွက် မဂ္ဂင်ဖောင်(၈)လမ်းထိပ်ရှိ "ပညာဘဏ်တိုက်စာကြည့်တိုက်" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ် ပရဝုဏ်၌ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း၊ ပဲခူးတိုင်းဒေသကြီး(ဒုတိယဥက္ကဋ္ဌ) ဒေါ်ခင်နှင်းဆီရွှေ၊ ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ‌စာရေးဆရာမ ဒေါက်တာဒေါ်ယဉ်ဝေလွင်နှင့်  ပညာဘဏ်တိုက်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးငြိမ်းဟန်တို့က စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ‌စာရေးဆရာမ ဒေါက်တာဒေါ်ယဉ်ဝေလွင်နှင့် ပြည်မြို့ "ဆုံစည်းရာစာဖတ်ဝိုင်း" နာယက စာရေးဆရာ မောင်မောင်ကြည်သန့်တို့က စာကြည့်တိုက်အတွက် အလှူငွေနှင့် စာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) ဒုတိယဥက္ကဋ္ဌ၊ ဒေါ်ခင်နှင်းဆီရွှေက စာကြည့်တိုက်ရေရှည်တည်တံ့ရေးနှင့် စာ‌အုပ်စာစောင်များ၊ ပရိဘောဂများ တိုးပွားရရှိရေး ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပညာဘဏ်တိုက်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးငြိမ်းဟန်က စာကြည့်တိုက်အကောင်အထည်ဖော်ဆောင်ရွက်မှုအား ရှင်းလင်းတင်ပြပြီး စာကြည့်တိုက်အတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီ‌ပေးခဲ့သော စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါစာကြည့်တိုက်သည် အလျား၂၄ပေ၊ အနံ၁၄ပေနှင့် အမြင့်၁၅ပေခန့်ရှိ တစ်ထပ်အုတ်ပတ်ကား အဆောက်အဦဖြစ်ကာ စာကြည့်တိုက်အဆောက်အုံသစ် တည်ဆောက်ရေးနှင့် စာကြည့်တိုက်အတွက်စာအုပ်စာစောင်များ၊ ပရိဘောဂများအား မြို့နယ်အတွင်း စာရေးဆရာများ၊ ပြန်/ ဆက်ဦးစီးဌာနနှင့် ဆုံစည်းရာစာဖတ်ဝိုင်းမှ စာရေးဆရာများ၊ စာပေဝါသနာရှင်များအပါအဝင် ရပ်ဝေး/ ရပ်နီးနှင့် ရပ်ကွက်အတွင်းမှ စေတနာရှင်အလှူရှင်များ၏ စုပေါင်းပါဝင်လှူဒါန်းမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပြီး ယင်းအလှူရှင်များအား ပညာဘဏ်တိုက်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးငြိမ်းဟန်နှင့် စာကြည့်တိုက်ကော်မတီဝင်များက အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ကြပြီး ဗိုလ်တစ်‌ထောင်ရပ်ကွက်သည် လူနေအိမ်ခြေ(၅၀၀)ကျော်ရှိကာ ရပ်ကွက်အတွင်းရှိ မျိုးဆက်သစ်လူငယ်‌ မောင်မယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ စာကြည့်တိုက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စာကြည့်တိုက်‌ကော်မတီဥက္ကဋ္ဌ ဦးငြိမ်းဟန်က ပြောသည်။

ကိုဆက်(ပြန်/ ဆက်)