ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရေးအတွက် စာစစ်ဌာနကျောင်းများ၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ မတ် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၂၀၂၃ ခုနဇစ် တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနကျောင်းများအား ကွင်းဆင်းပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ တက္ကသိုလ်စာမေးပွဲဖြေဆို ကျင်းပမည့် ပွင့်ဖြူမြို့ (အ.ထ.က) စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ (အ.ထ.က)  စာစစ်ဌာနကျောင်း များသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းလုံခြုံစွာ ဝင်ရောက်ဖြေဆိုနိုင်ရေး စာဖြေခန်းများ လေဝင်လေထွက် ကောင်းမွန်ရေး စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ စာမေးပွဲ ဖြေဆိုနေစဉ်ကာလ မီးလန့်မှုမီးလောင်မှုများမဖြစ်စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိရေးနှင့် ကျောင်းတွင်းကျောင်းပြင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိရေးကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ကျဆရာ၊ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်မြို့နယ်လုံး ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသားကျောင်းသူဦးရေ စုစုပေါင်း ၆၄၁ ဦးရှိကြောင်း သိရကာ ပွင့်ဖြူမြို့ (အ.ထ.က) စာစစ်ဌာနတွင် အတွင်းဖြေ ၈ ဦး၊ အပြင်ဖြေ ၄၀၁ ဦး၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က) စာစစ်ဌာနတွင် အတွင်းဖြေ ၃၂ ဦး၊ အပြင်ဖြေ ၂၀၀ ဦး တို့ အသီးသီးဝင်ရောက်ဖြေဆိုကြမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းအေးထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )