ပဲခူး မတ် ၆
ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား ရွှေထီးတော်အသစ် တင်လှူပူဇော်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်တပ်မမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုတင်လှူပူဇော်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု မြို့မစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်များအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်/သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားနာယူခဲ့ကြပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏အဓိပတိသီတဂူ ဆရာတော်ဒေါက်တာရှင်ဉာဏိဿရနှင့် ကြခတ်ဝိုင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသ မဟာထေရ်မြတ်က မေတ္တာပို့သ အမျှအတမ်းပေးဝေခဲ့ကြကာ အခမ်းအနားမှူးက သမာဒေဝ နတ်ကောင်းနတ်မြတ်များအား တောင်းပန်စာတမ်းအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ရွှေထီးတော်ဘုံအဆင့်များပင့်ဆောင်ခြင်းနှင့် တင်လှူပူဇော်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကြွရောက်လာသည့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံရှိရာသို့ ဒေဝါဝန်း ရာဇာဝန်း ခြံရံ၍ ပင့်ဆောင်ခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကာ မင်္ဂလာအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ရွှေထီးတော်ပထမဘုံအဆင့်ဆင့်အား မင်္ဂလာရထားပျံဖြင့် တင်လှူပူဇော်ခဲ့ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏အဓိပတိသီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရနှင့် ဆရာတော်ကြီးများက ဇယန္တောဗောဓိယာမူလေ အစချီ ဇယမင်္ဂလာအောင်ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ရွှေထီးတော်ဘုံအဆင့်ဆင့်အား အောင်မြင်စွာ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)