သာယာဝတီ မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ က မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဌာန၊ မြို့နယ်ပညာရေးဌာနတို့မှ တာဝန်ရှိသူများက စာစစ်ဌာန၌ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အသင့်ထားရှိမှု အခြေအနေများနှင့် မီးကြိုးများ သွယ်တန်းထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပရန် အ.ထ.က(၁) (သာယာဝတီ) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၂) ဦး ဖြေဆိုရန် စာစစ်ဌာနတစ်ခုစဉ်ထားရှိကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)