ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီးစေတီတော်မြတ်ကြီး ရွှေထီးတော်၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်းနှင့် အရံစေတီတော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာအခမ်းအနားကျင်းပ

တောင်ငူ မတ် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်ဘုရား နောင်တော်ကြီး စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်အထွဋ်သို့ တင်လှူပူဇော်ပွဲ၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်အား မျက်ပါးရွှေကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က နောင်တော်ကြီးစေတီတော်ရင်ပြင်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ပြီး အဆိုတော်အေးမြဖြူမှ ဗုဒ္ဓရောင်ခြည်တော်ဖွင့်၊ ထူးမခြားနားသီတာရုံ ဆရာတော် ရေးသားထားသော (၈၀)ပေါ်တေးထပ်သီချင်းကြီး(၃)ပိုဒ်ဖြင့် ပူဇော်ပြီးနောက်၊ မင်္ဂလာငွေခရုနှင့် အောင်စည်အောင်မောင်း(၉)ကြိမ်တီးခတ်ပူဇော်ကြသည်။

ထို့နောက်ဦးဆောင်ဒါယိကာတောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်ထိန်ဝင်းနှင့် ဇနီးဒေါ်ဖြူဖြူသန့်၊ (၇)ရက်သားသမီးအလှူရှင် အလှူဒါယိကာ၊ ဒါယိကာမများက နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသူရိယမထေရ်မြတ်ထံမှ (၉)ပါးသီလ ခံယူဆောက် တည်ကြသည်။

ထို့နောက်ဥပါသကာများမှ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ပရိတ်ချည်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရယ်ဇ္စျယ်တော်မူသော အနန္တရာယိကအန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း၊ ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်များကို စေတီတော်ရင်ပြင်တော်တွင် ပက်ဖျန်း၊ကြဲဖြန့်၊ ချည်နှောင်ခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ တာဝန်ရှိသူအကြီးအကဲများနှင့်အလှူရှင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်စသည်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယမထေရ်မြတ်ထံမှ အနုမောဒနာ တရားတော်ကို နားကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ ဥပါသကာများ၊ ဒေဝါဝင်းခင်း၊ ရာဇာဝင်းခင်းများက သတ်မှတ်ထားသည့် နေရာအသီးသီးတွင် နေရာယူကြပြီး ဦးဆောင်ဘုရားဒါယိကာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး ဒေါ်ဖြူဖြူသန့်၊ (၇)ရက်သားသမီးအလှူရှင်များက ရတနာစိန်ဖူးတော်၊ ရတနာခြယ်ငှက်မြတ်နားတော်များကို လက်ယာရစ် (၁)ပတ် လှည့်လည်ပူဇော်၍ မင်္ဂလာရထားပျံမဏ္ဍပ်သို့ ပင့်ဆောင်ကြပြီးနောက် ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး ဒေါ်ဖြူဖြူသန့် တို့က အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်၍ စေတီအထွဋ်သို့ တင်လှူကြသည်။

ထို့နောက်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း ဦးဆောင်သောအဖွဲ့၊  ဂေါပက(၄)ဦးနှင့် တပ်ဆင်ရန်ပညာရှင်(၂)ဦးတို့မှ စေတီအထွဋ်သို့ တက်ရောက်နေရာယူ၍ ရတနာစိန်ဖူးတော်နှင့် ရတနာခြယ်ငှက်မြတ်နားတော်တို့ကို ပြန်လည်တပ်ဆင်ပူဇော်ပြီး မဟာမင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ထိန်ဝင်းက အမှူးပြုကာ “အောင်ပြီ” “အောင်ပြီ“အောင်ပြီသုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။ ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး နေ့လယ်(၁)နာရီအချိန်တွင် ဦးဆောင်ဘုရားဒါယိကာ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် မိသားစုဝင်များ၊ တောင်ငူခရိုင် နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ (၇)ရက်သားသမီးအလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)