ငဖဲမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငဖဲ မတ် ၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများမတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ် ဝင်စာမေးပွဲအဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၂)ခု၌ ဖြေဆိုမည့်ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် ဌာနဆိုင်ရာများအား တာဝန်ခွဲဝေချထားပေးပြီးဖြစ်၍ မပျက်မကွက်ပူးပေါင်းဆောင်ရွက်ရန်၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် မီးသတ်ဦးစီးဌာနအဖွဲ့အစည်းများပူးပေါင်း၍ မလိုလားအပ်သည့်ပြဿနာများမဖြစ်ပေါ်စေရေး ဆောင်ရွက်ရန်၊  တောင်ပေါ်ဒေသဘိန်းစိုက်ပျိုးမှုပပျောက်ရေး၊ မီးဘေးလုံခြုံရေး၊ မြေပြင်လူဦးရေ စာရင်းကောက်ယူရေး၊ သီးနှံချေးငွေများပြေကျေစွာပေးဆပ်ရေး၊ မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြား တပ်ဆင်ရေးနှင့် နွေစပါးစိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ဘင်္ဂါလီလူမျိုးများ တရားမဝင်ဖြတ်သန်းသွားလာမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ အိမ်ထောင်စုလူဦးရေစာရင်း၊ မှတ်ပုံတင်ဆောင်ရွက်ရေး၊ နွေစပါးအတွက် စိုက်ပျိုးရေရရှိရေး၊ ဆိုလာတပ်ဆင်ပြီးရေတင်စိုက်ပျိုးနိုင်ရေး၊ လျှပ်စစ်မီးဖြင့်ရေတင်စိုက်ပျိုးနိုင်ရေး၊ လယ်ယာမြေပေါ်တွင် အခြားနည်းသုံးစွဲမှုမရှိစေရေးနှင့် သုံးစွဲမှုရှိပါက တစ်ဦးချင်းစာရင်းကောက်ခံရန်၊ မီးသတ်ဝတ်စုံရရှိရေး၊ ကျောင်းပိုင်မြေဂရန်ရရှိရေး၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မီးဘေးကာကွယ်ရေးအတွက် မီးတားမှုလုပ်ငန်းများမဆောင်ရွက်ရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာများကို တင်ပြဆွေးနွေးရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများနှင့်ပြန်လည်၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)