စစ်ကိုင်းမြို့တွင် ကလေးငယ်များ ဉာဏ်ရည်ထက်မြတ်မှုနှင့် ပျော်ရွှင်မှုရရှိစေရန် ဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေး

စစ်ကိုင်း မတ် ၆

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ ကျောင်းပိတ်ရက်တွင် ကလေးငယ်များ ပျော်ရွှင်မှုရရှိစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်စေရန်၊ အချင်းချင်းစည်းလုံး ညီညွတ်မှု ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်တက်မှု မြင့်မားလာစေရန် ရည်ရွယ်၍ ဂိမ်းကစားနည်း ပြိုင်ပွဲများကို ယနေ့နံနက် (၈)နာရီကစ၍ အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂိမ်းကစားနည်းပြိုင်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ဂိမ်းပြိုင်ပွဲများ ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကလေးငယ်များ ဆော့ကစားတက်စေရန် ပြိုင်ပွဲအမျိုးအစားများ၏ ဆောင်ရွက်ပုံတို့ကို ရှင်းလင်းပြော ကြားပေးခဲ့ကာ ထိုင်ခုံလုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အာလူးဇွန်းကိုင်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိခဲ့ကြသည့် ကလေးငယ်များအား တာဝန်ရှိ သူများက ဆုများချီးမြှင့်ခဲ့ကြပြီး ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကလေးများအားလုံးကိုလည်း အမှတ်တရ လက်ဆောင်များပေး အပ်ခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် စာအုပ်/စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ ပြိုင်ပွဲများ ကျင်းပပေးခြင်းနှင့် Talk Show များ ဆောင်ရွက်ခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်