လိပ်သို မတ် ၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာ စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးနောက် ဆက်လက်ဟောပြောရာတွင် လူငယ်နှင့်ရွေးချယ်မှု၊ လူငယ်နှင့်အချိန်၊ လူငယ်နှင့်အခွင့်အလမ်း စသည့်ခေါင်းစဉ်အောက်မှ “ရလာတဲ့အခွင့်အလမ်းဆိုတဲ့ ကြိုးတစ်ချောင်းကို မိမိရရ ဖမ်းဆုပ်ပြီး ဆက်တက်နိုင်မှ အောင်မြင်မှုကိုရမှာ” ဖြစ်ကြောင်း၊ ဗဟုသုတအတွက် အရာရာကိုသိအောင် လေ့လာရမှာဖြစ်ကြောင်း၊ အသုံးချဖို့အတွက် တစ်ခုခုကိုသေသေချာချာ တတ်မြောက်ကျွမ်းကျင်အောင် ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း၊ ကိုယ်ကျွမ်းကျင်တဲ့အချိန်မှာ ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်အတွက် အခွင့်အလမ်းဆိုတာ သေချာပေါက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမည်ဖြစ်ကြောင်း လူငယ်များအား ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြ သော အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများဖြစ်သည့် လူငယ်အသိပညာပေး ဟောပြောပွဲ ၊ အသိပညာပေးပြပွဲများ ပြသခြင်းနှင့် အားကစားပြိုင်ပွဲများကို အလျဉ်းသင့် သလို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)