လွိုင်ကော် မတ် ၆
သာသနာတော်နှစ် ၂၅၆၆ခု၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပြည်နယ်ဩဝါဒါစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ လွိုင်ကော်မြို့၊ သီရိမင်္ဂလာပုံ (ဟော်ကြီး)ကျောင်း ဆရာတော်ဘန္ဒန္တစန္ဒိမာထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး “မဟာကမ္မဌာနာစရိယ” ဘွဲ့တံဆိပ်တော်ရ လွိုင်ကော်မြို့နယ်၊ သံဃာ့ဂုဏ်ရည်ပုညဝတီ စိန်တလုံးတောရ ပဋိစ္စသမုပ္ပါဒ်သင်တန်းကျောင်း ဆရာတော်ဘန္ဒန္တကာရုညာ ဓိပတိက “သမ္မောဒနီယဩဝါဒကထာ” မြွက်ကြားချီးမြှင့်တော်မူခဲ့သည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းခံရသည့် ဆရာတော်သံဃာတော် အရှင်သူမြတ် (၅)ပါး နှင့် သီလရှင် (၂) ပါးတို့ထံ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း ဆက်ကပ်ပူဇော်လှူဒါန်းကြခဲ့သည်။ ယင်းနောက် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
ပြည်နယ်(ပြန်/ ဆက်)