သရက်ချောင်း မတ် ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် တိရစ္ဆာန်အစာများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျမွေးမြူနိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အဆိုပါသင်တန်းအား စတင်ခဲ့သည်။
သရက်ချောင်းမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် သင်တန်းသား/သူ(၂၂)ဦး တက်ရောက်ကြပြီး သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုက နေပီယာမြက်စိုက်ပျိုးထုတ်လုပ်နည်းအကြောင်း၊ စိုက်ပျိုးသည့်စနစ်များအကြောင်း၊ မြက်ချဉ်ဖတ်ပြုလုပ်နည်းအကြောင်း၊ မွေးမြူရေးခြံသုံးဆေးဝါးများအကြောင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်နှင့် အခြားတိရစ္ဆာန်များတွင် ကူးစက်ဖြစ်ပွားတက်သောရောဂါလက္ခဏာများ စသည့်အကြောင်းအရာများဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးသင်ကြားပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းကို မတ်လ ၆ရက်နေ့မှ ၇ရက်နေ့အထိ(၂)ရက်တိုင်တိုင် စာတွေ့/လက်တွေ့ ဘာသာရပ်များဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)