နတ်မောက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် မတ် ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အခွင့်အရေး(၄)ရပ်နှင့် လုပ်ဆောင်ရမည့်တာဝန်(၃)ရပ်၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလ(၅)တန်ဖွံ့ဖြိုးစေရန်အတွက် ကျန်းမာရေးသည်အဓိကဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးဒေါ်သွယ်သွယ်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများထဲမှ ၁၉၉၃ ဥပဒေအခန်း (၁၉)ခန်း ပုဒ်မ(၇၅)နှင့် ၂၀၁၉ ဥပဒေအခန်းပေါင်း  (၃၀) ပုဒ်မ (၁၂၁)ပါ အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း