ဝေါ မတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့်ကြုံတူစေတီတော်မြတ်ကြီး၏ (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက်(၈:၃၀)နာရီက ရှေးဟောင်းသမိုင်းဝင်ကြုံတူစေတီရင်ပြင်တော်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များစုပေါင်းကာ (တပေါင်းလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်အား နမောတဿ (၃) ကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့ကာ၊အောင်ဂါတာဖြင့် ရွတ်ဖတ်ပူဇော်ပြီးထေရ်ကြီးဝါကြီးသက်တော်ရှည် ဆရာတော်ဘုရားကြီးများအား ပူဇော်ကန်တော့ကြပြီး ဘိုးဦးစိန်ကျောင်းဆရာတော်ကြီးထံမှ သြဝါဒခံယူခဲ့ကြသည်။ ဆက်လက်၍ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းမှ ပူဇော်ပွဲကျင်းပရခြင်းအကြောင်း လျှောက်ထားပြီးနောက် ဆရာတော်ကြီး(၁၀)ပါးအား လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက်ရွှေဂူကျောင်း ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးသီဟထွန်း၊ အဖွဲ့ဝင် ဦးဝင်းဇော်ဦး၊ အဖွဲ့ဝင် ဦးကြည်ဝင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဒုဥက္ကဋ္ဌ ဦးဌေးအောင်နှင့် အလှူရှင်များက အနုမောဒနာရေစက်ချတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓဿသနံစိရံတိဋ္ဌတု ( ၃) ကြိမ်ရွတ်ဆိုဆုတောင်းပြီးရုပ်သိမ်းခဲ့သည်။
ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များ ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ အသက်တော် (၈၀)နှင့်အထက်၊ ဝါတော်(၅၅)ဝါနှင့်အထက်ရှိ သက်တော်ရှည်ဆရာတော်ကြီး(၁၀)ပါးအား ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော် (၁၆၈)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)