ကြံခင်းမြို့နယ် ထန်းတပင်ကျောင်းတိုက်ရှိ ‟ဆံတော်ရှင် နေလသိဒ္ဓိရွာဦးစေတီတော်မြတ်”အား ရွှေထီးတော် အထွဋ်တော်တင် မင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကျင်းပ

ကြံခင်း မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ် ၊ တပေါင်းလပြည့်နေ့ နံနက် (၉) နာရီအချိန်က ထန်းတပင်ရွာဦးကျောင်းတိုက်တွင် တည်ထားကိုးကွယ်သော "ဆံတော်ရှင်နေလ သိဒ္ဓိရွာဦးစေတီတော်မြတ်"အား ရွှေထီးတော် အထွဋ်တော်တင် မင်္ဂလာနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကျင်းပ ပြုလုပ်သည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူ့ရှင်၊ အလှူ့အမတို့က နမောတဿ (၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့ကြပြီး၊ ပန်းတောင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ထုံးဘိုမြို့ကိုးဆောင်ဆရာတော်ကြီး ဘဒ္ဒန္တပဏ္ဍိစ္စထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ပြီးနောက် ဆရာတော်သံဃာတော်များအား ပရိတ်ချည်၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့အား ဆက်ကပ်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ အလှူ့ရှင်များက ထီးတော်ဘုံအဆင့်ဆင့်နှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ခေါင်းလောင်းတော်များအား ဆရာတော်ကြီးများထံ ဆက်ကပ်ကြပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ပြီး၊ စေတီတော်မြတ်ကြီး၏ ဝတ္ထုကံမြေအတွင်း ပရိတ်ချည်၊ ပရိတ်သဲနှင့် ပရိတ်ပန်းများဖြင့် ချည်နှောင်ပတ်ဖြန်းခြင်း၊ စေတီတော်မြတ်အား လက်ယာရစ် (၃) ပတ်ဖြင့် ပူဇော်ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့် ဇနီးဒေါ်စန်းစန်းမြင့်နှင့် အလှူရှင်များက မင်္ဂလာရထားပျံဖြင့် ထီးတော်ဘုံအဆင့်နှင့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြရာ မြနဒီမြန်မာမှုတေးဂီတအဖွဲ့မှ ဓမ္မတေးဖြင့်ပူဇော်ခြင်း၊ ခေါင်းလောင်း ကိုးချက်တီး ပူဇော်ခြင်း၊ဆရာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူ ပူဇော်ကြပြီး အလှူရှင်များက လှူဖွယ်ဝထ္ထုများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပူဇော် ပြီးမြောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)