ပွင့်ဖြူ မတ် ၆
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာနက မြို့နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်း စသည့် အားကစားနည်း (၅)မျိုးကို အခမဲ့ ဖွင့်လှစ်ပို့ချ သင်ကြားပေးလျက်ရှိရာ ဒေသတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစ်စား တက်ရောက်သင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်ထံမှ သိရသည်။
အဆိုပါ အားကစားနည်းသင်တန်းများတွင် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ် များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပြီး ဘောလုံးအကစားနည်းသင်တန်းတွင် သင်တန်းသားဦးရေ ၂၂ ဦး၊ ပိုက်ကျော်ခြင်းသင်တန်းတွင် သင်တန်းသားဦးရေ ၁၂ ဦး၊ စစ်တုရင်အားကစားနည်းသင်တန်းတွင် သင်တန်း သား ၁၁ ဦး၊ စားပွဲတင်တင်းနစ်အားကစားနည်းသင်တန်းတွင် သင်တန်းသားဦးရေ ၉ ဦး၊ မြန်မာ့သိုင်းပညာအားကစားနည်းသင်တန်းတွင် သင်တန်းသား ၁၀ ဦးတို့ အသီးသီး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့အထိ (၃)ပတ်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ယခုနှစ် နွေရာသီကျောင်းပိတ်ရက်ကာလမှာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချ၍ နည်းစနစ်မှန်ကန်စွာ အားကစားလေ့ကျင့်ခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အတွင်း အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စသော ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်။ ဖွင့်လှစ် သင်ကြားပေးတဲ့ သင်တန်းတွေကတော့ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာ စတဲ့ အားကစားနည်း(၅)မျိုးကို သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်း တစ်ခုချင်းရဲ့ သင်တန်းကာလက ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစပြီး မတ်လ ၂၀ ရက်နေ့အထိ (၃)ပတ်ကြာ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်"ဟု မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောသည်။
ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်ကာလ များတွင် ဒေသတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ဖိတ်ခေါ်၍ မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ မြန်မာ့သိုင်းပညာ စသည့် ကိုယ်လက်လှုပ်ရှား အားကစားသင်တန်းများကို အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)