တမူး စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် လုပ်ကွက်ငယ် တောင်သူ များ၊ အသေးစား စီးပွားရေးလုပ်ကိုင်သူများအား အရင်းအနှီးရရှိစေရန်အတွက် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း(VRFP) လုပ်ငန်းများ အတွက် စီမံကိန်းရန်ပုံငွေများ ကို သြဂုတ်လ ဒုတိယပတ်မှစတင်၍ထုတ်ချေးခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရ သည်။
တမူးမြို့နယ်တွင် Type-1အမျိုးအစား ကျေးရွာတစ်ရွာလျင် သိန်း(၃၀၀)ဖြင့် ကျေးရွာ(၅) ရွာ အတွက် သိန်း(၁၅၀၀)၊Type-2အမျိုးအစား ကျေးရွာ တစ်ရွာလျင် သိန်း(၂၀၀)ဖြင့် ကျေးရွာ (၁)ရွာ စုစုပေါင်း ကျေးရွာ(၆)ရွာအတွက် သိန်း(၁၇၀၀)ကို မတည်ထုတ်ချေး ပေးခဲ့ပြီး စိုက်ပျိုး ရေးလုပ်ငန်း လုပ်ကိုင်သူ(၁၈၉)အိမ်ထောင်စု၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၂၂၃) အိမ်ထောင် စု၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၇၄)အိမ်ထောင်စု၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်း လုပ်ကိုင်သူ(၂၆)အိမ်ထောင်စုရှိရာ ယင်းစီမံကိန်းဖြင့် ကျေးရွာ(၆)ရွာမှ အိမ်ထောင် စု(၅၁၂) စု လူဦးရေ(၂၀၄၈)ဦးတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် အကျိုးကျေးဇူး ခံစားခွင့် များရရှိပြီး ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်းထံမှသိရှိရသည်။
အဆိုပါ စီမံကိန်းသည် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်( CERP)အရ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဥ်ကာလအတွင်း ကျေးလက်နေ ပြည်သူများ၏ စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစု ဝင်ငွေရရှိရေး လုပ်ငန်းများ ဆုံးရှုံးခဲ့မှုများကို ကုစားပေးနိုင်ရန် အတွက် နိုင်ငံ တော်အစိုးရမှ ချမှတ်ခဲ့သော စီမံကိန်းဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)