ဟိုင်းကြီးကျွန်းမြို့၌ ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲ အခမ်းအနားကျင်းပ

ဟိုင်းကြီးကျွန်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၀၈း၀၀)နာရီအချိန်တွင် မြတ်မော်တင်ဘုရားကုန်းတော်ပေါ်ရှိ ကနေကဇာဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ကြွရောက်လာသော ဧည့်ပရိသတ်များမှ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ကြပြီး စံထူးစံပြ ပဓါနိကာရာမကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလတော်မြတ်တို့ကို ခံယူဆောက်တည် ခဲ့ကြသည်။

ဆက်လက်ပြီး ရန်ကုန်မြို့ ဣစာသရကျောင်းတိုက်ဆရာတော်မှ အနုမောဒနာဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ စံထူးစံပြပဓါနိကာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ် အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့အား ဧည့်ပရိသတ်များမှ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)