သာပေါင်း မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာရှိ အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲ ရွှေထီးတော်၊ ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၄ ရက်နေ့ နံနက် ၉ နာရီအချိန်က မြောက်ဖက်စောင်းတန်း ဓမ္မာရုံ၊စေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့သည်။
အကျော်ဇေယျပဿထစေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲနှင့်ရွှေထီးတော်၊ငှက်မြတ်နားတော် ရတနာစိန်ဖူးတော်များ အသစ်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် မိသားစု၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မိသားစု၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မိသားစုများ၊ အလှူရှင် သီရိပျံချီ ဦးဌေးဦးနှင့် မိသားစုနှင့် ဘုရားဖူးပြည်သူများမှ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကာ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညို၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီး၊ အလှူရှင်သီရိပျံချီ ဦးဌေးဦးနှင့် မိသားစုက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရတုပိုဒ်စုံဖြင့် သီကျူးပူဇော်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ် အရှင်သူမြတ်က လှူဒါန်းမှုများ အတွက် ရေစက်သွန်းချ အမျှပေးဝေ သာဓုသုံးကြိမ် ခေါ်ဆိုခဲ့ကြသည်။
နိုင်ငံတော် ဩဝါဒါစရိယ ဆရာတော်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များမှ ဦးဆောင်၍ ဘုရားဒါယိကာ၊ ဒါယိကာမများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်များသို့ ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံလျက်ပင့်ဆောင်ကာ လက်ျာရစ် လှည့်လည် အပူဇော်ခံပြီး ပန်းရထားဖြင့် စေတီတော်အထွဋ်တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် “ဇိတံ မေ” “အောင်ပြီ အောင်ပြီ အောင်ပြီ”သုံးကြိမ်သံပြိုင် ဟစ်ကြွေးခဲ့ပြီး မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုး၊ငွေမိုးများ ရွာသွန်းဖြိုးကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)