ပရိယတ္တိသာသနပါလစာမေးပွဲ စာအောင်သာသနာ့အာဇာနည်များအား စာအောင်ဆုနှင်း သဘင် ကျင်းပ

ဟင်္သာတ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ပရိယတ္တိသာသနပါလ စာမေးပွဲ စာအောင်သာသနာ့အာဇာနည်များအား စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက် ဘောဇနဂုဏ်ရည် ခန်းမဆောင်တွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက မိုးကောင်းပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီးနောက် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ၁၃၈၃ ခုနစ် နိုင်ငံတော်အစိုးရ ဓမ္မာစရိယစာမေးပွဲ အောင်မြင်တော်မူကြသော သာသနာ့အာဇာနည်အရှင်မြတ်များ အားလည်းကောင်း၊ ၁၃၈၄ ခုနှစ် ပရိယတ္တိသနာ့ပါလ စာမေးပွဲတွင် အောင်မြင်တော်မူကြသော သံဃာတော်အရှင်မြတ်တို့အားလည်းကောင်း တာဝန်ရှိသူများက စာအောင်ဆုများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး မိုးကောင်းဆရာတော်ဘုရားကြီးထံမှ ရေစက်ချ အနုမောဒနာတရားများနာကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုဇော် ဟင်္သာတ