ကျုံပျော် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက်ရှိ မြို့ကျက်သရေဆောင် မြတ်ချမ်းသာဘုရား ရတနာရံသီ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်အသစ်တင်လှူ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၆ နာရီခွဲ အချိန်က စတင်ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး၊ အသောကာရုံကျောင်းတိုက် ဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကာ စိန်ဖူးတော်အတွင်းသို့ ဌာပနာများ ထည့်သွင်းပူဇော်ကြသည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်များအား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဟိန်းမောင်မြင့်နှင့် အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့များ၊ ဧည့်ပရိတ်သတ်များက ရတနာရံသီ စေတီတော်မြတ်ကြီးအား လင်္ကျာရစ် (၃) ပတ်လှည့်လည် ပူဇော်၍ မင်္ဂလာပန်ရထားဖြင့် စေတီတော်မြတ်ကြီး အပေါ်သို့ တင်လှူပူဇော်ခဲ့ကြသည်။
ဆက်လက်၍ သံဃာတော် အရှင်သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဩဝါဒစကား နာကြားကာ တာဝန်ရှိသူတို့ကသာသနာရေးဆိုင်ရာ ကိစ္စများလျှောက်ထားကြသည်။ ထို့နောက် ဝေဠုဝန်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)