မြို့သစ်မြို့နယ်မှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ခရမ်းပင်းများ အောင်မြင်ဖြစ်ထွန်း

မြို့သစ် မတ် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ခရမ်း၊ ရုံးပတီ၊ ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညင်းစသည့် ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် ပိုမိုစိုက်ပျိုးကြရာ ခရမ်းသီးစိုက်ပျိုး‌ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ကာလရှည်သီးနှံများဖြစ်သည့် စပါး၊ ကြက်သွန်၊ ငှက်ပျော၊ ငရုပ်စသည့် သီးနှံများစိုက်ပျိုးရာတွင် လုပ်သားရှားပါးမှု၊ အခက်အခဲနှင့် သွင်းအားစုများ ပိုမိုသုံးစွဲရသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရသည့် ကာလတိုသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ခရမ်းသီးစိုက်ပျိုးမည်ဆိုပါက အပင်အသေအပျောက်မရှိစေရန်အတွက် ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ရေသွင်းရ လွယ်ကူစေရန်အတွက် မြေဘောင်များ ပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (၃)ပေခန့်အကွာ စိုက်ပျိုးမှသာ အပင်ပြန့်ပွားမှုနှင့် အသီးများ ပို၍ သီးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနှုတ်ခြင်းနှင့် လိုအပ်သည့်အခါ ပိုးမွှားကာကွယ်ဆေးများ အသုံးပြုရကြောင်း၊ ရေအစိုဓာတ်မပြတ်စေရန်အတွက် ရေသွင်းပေးရကြောင်း ခရမ်းစိုက်တောင်သူ ဦးကံဆင့်က ပြောသည်။

ခရမ်းသီးနှံသည် အပင်အပြုအစုကောင်းပါက တစ်နှစ်ပတ်လုံးနီးပါး ခူးဆွတ်ရောင်းချနိုင်သည့် သီးနှံတစ်မျိုးဖြစ်ပြီး စိုက်ပျိုးသည့်ရက်မှ (၄၅)ရက်သားတွင် စတင်ခူးဆွတ်ရကြောင်း၊ အသီးလှိုင်ချိန်တွင် တစ်ရက်ခြား ခူးဆွတ်ရကြောင်း၊ ရောင်းဈေးအနေဖြင့် တစ်ပိသာကို ငွေကျပ်(၈၀၀)မှ (၁ဝ၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ ခရမ်းစိုက်တောင်သူများအနေဖြင့် နေ့စဉ်ဝင်ငွေရရှိကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။

သန်းဝင်းထွန်း(IPRD)