ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် လုံးတော်ပြည့် စတီးရွှေသင်္ကန်း ကပ်လှူပူဇော်အောင်မြင်ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

ကန့်ဘလူ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် လုံးတော်ပြည့် စတီးရွှေသင်္ကန်း ကပ်လှူပူဇော်အောင်မြင်ခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက စေတီတော် သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ ရှေ့တန်းစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် နတ်ပေးကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသထံတော်မှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် အရှင်သူမြတ်တို့၏ ရွတ်ပွားသရဇ္စျာယ် ချီးမြင့်တော်မူသော မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အ တွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် တက်ရောက်လာသော ဧည့်ပရိတ်သတ်များကိုလည်း နံနက်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)