မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

မကွေး   မတ်   ၅

မကွေးတိုင်းဒေသကြီး ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၄-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိ/ရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင်ပွဲတော်သည်  တန်ခူးလပြည့်ကျော်(၉)ရက်နေ့မှ တန်ခူးလ ပြည့်ကျော်(၁၂)ရက်နေ့အထိ (၁၃-၄-၂၀၂၃)ရက်မှ (၁၆-၄-၂၀၂၃)ရက်နေ့ အထိ ကျရောက်မည်ဖြစ်ပြီး၊ တန်ခူးလဆန်း(၁၃)ရက်နေ့ (၁၇-၄-၂၀၂၃)ရက်နေ့သည် မြန်မာနှစ်ဆန်း (၁)ရက်နေ့ ဖြစ်ပါကြောင်း၊ ၁၃၈၄-ခုနှစ် မြန်မာ့ ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ကော်မတီများအနေဖြင့် ကော်မတီအလိုက် လုပ်ငန်း တာဝန်များကို အချိန်မီပြီးစီးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် ဝန်ကြီးဌာန အလိုက် ရေကစားမဏ္ဍပ်များ၊ယိမ်းအကအဖွဲ့များ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် လုံခြုံရေးစီမံချက်များ စနစ်တကျရေးဆွဲ၍ ဦးစီးကော်မတီသို့ တင်ပြကာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ၁၃၈၄-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တိုင်းဒေ သကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုက ၁၃၈၄-ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ လုပ်ငန်းဆပ်ကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများက ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ၊ တက်ရောက်လာသူများမှ ပြိုင်ပွဲကျင်းပရေး၊ ရေဖြန့်ဝေရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး စသည့် အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၁၃၈၄-ခုနှစ် အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က တင်ပြဆွေးနွေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ညီညာ