တပေါင်းပွဲတော် အသံမစဲ မဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ၊ လာမည့်မိုးရာသီတွင် မိုးသီးနှံများအတွက် ချေးငွေထုတ်ချေးပေးရန် လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကြိုတင်လျာထားဆောင်ရွက်ပေးသွားမည်

ဘားအံ မတ် ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့၊ သေဋ္ဌမာရ်အောင်ဘုရားကြီး ဂန္ဓကုဋီ တိုက် ပရဝုဏ်အတွင်းဆင်ယင်ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် ဓမ္မဝါသီကျောင်းဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော သေဋ္ဌမာရ်အောင်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဋ္ဌနဘဏက သံဃာတော် ၁၆ ပါး ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဦးစွာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် အသံမစဲမဟာပဋ္ဌာန်းသိမ်း အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့များနှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ်သရစ္ဇျယ်တော်မူသော မေတ္တာသုတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သေဋ္ဌမာရ်အောင်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်ပူဇော်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြပြီး တပေါင်းလဆန်း ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ထိ ငါးရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၌ ပြုပြုသမျှ ကုသိုလ်အစုစုတို့ကို နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။

လာမည့်မိုးရာသီတွင် မိုးစပါး၊ မိုးနှမ်း၊ မိုးမြေပဲ အစရှိသော မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေထုတ်ချေးပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပြီး မိုးမကျမီ၊လုပ်ငန်းမစတင်မီ တောင်သူများကို ထုတ်ချေးပေးနိုင်ရေး ကြိုတင်လျာထားဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁)၌ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ(၄/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ချေးငွေများ ဆက်လက်ထုတ်ချေးပေးနိုင်ရေး တင်ပြလာသည့် လုပ်ငန်းများကို အကဲဖြတ်လေ့လာစိစစ်ကာ ထုတ်ချေးရန် လိုအပ်သည့် လုပ်ငန်းများကို ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွက်ရေးဆွဲထားသည့် SOP နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်မှ ပြန်လည်လမ်းညွှန်မှုများ ရှိပါက ရှင်းလင်းတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ယခင်အပတ်(၃/၃၀၂၃)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ချေးငွေထုတ်ချေးပြီးစီးမှုနှင့် ဆက်လက်ထုတ်ချေး ပေးနိုင်ရေး၊ အတိုးနှုန်းများပြန်လည်ကောက်ခံရရှိနိုင်ရေး တို့ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ချေးငွေရယူ၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ လုပ်ငန်းများ ဖွံ့ဖြိုးလာမှုအခြေအနေနှင့် သတ်မှတ်ကာလသို့ ရောက်ရှိပါက အတိုးနှုန်းပြန်လည်ကောက်ခံနိုင်ရေး စီမံဆောင်ရွက် ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာများက သီးနှံအလိုက် ချေးငွေ ရယူစိုက်ပျိုးပြီးဧရိယာ၊ ရိတ်သိမ်းထွက်ရှိမှုအခြေအနေ၊ မြေပြင်ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)