ကလိန်အောင် မတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့သမိုင်းဝင် ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။
ရှေးဦးစွာ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီးတောင်ပေါ်ရှိ ဓမ္မာရုံ၌ သံဃာတော်(၉)ပါးဖြင့် ဗုဒ္ဓါဘိသေကဘုရားအနေကဇာတင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲရေစက်ချအခမ်းအနား ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ဦးဆောင်၍ အစဉ်အလာမပြတ် ကျင်းပမြဲဖြစ်သည့် ငွေဆွမ်းဆန်စိမ်းလောင်းလှူဒါန်းပွဲကို အဆိုပါဘုရားရင်ပြင်ပေါ်၌ ဆက်လက်ကျင်းပရာ ကလိန်အောင်မြို့ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ စေတနာရှင်အလှူရှင်များတို့က ဘုန်းတော်ကြီးကျောင်းများမှ ဩဝါဒစရိယဆရာတော်ကြီးများအား အမှူးပြုသော သဒ္ဓံမ္မရံသီအောင်တော်မှုဝတ်ပြုကျောင်းမှ ဆရာတော် အရှင်သုစိတ္တနှင့် ပင့်သံဃာတော်အရှင်သူမြတ် (၄၄)ပါးတို့အား ငွေဆွမ်းလောင်းလှူဒါန်းကြပြီး ဆရာတော် အရှင်သုစိတ္တမှ ဩဝါဒစကားချီးမြှင့်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ပြီးနောက် ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
ကလိန်အောင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင်စေတီတော်မြတ်ကြီးသည် အမှတ်(၄)ရပ်ကွက်တွင် တည်ရှိပြီး တောင်ခြေမှ ဘုရားတောင်ပေါ်အထိ ၂ မိုင် ၆ ဖာလုံခန့်ရှိပြီး ကား၊ ဆိုင်ကယ်များဖြင့် ဖူးမြော်နိုင်ကြသလို့ တောင်ပေါ်သို့ ခြေလျင်သကဲ့သို့ ဖူးမြော်နိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)