ရွှေတောင်မြို့၊ သမိုင်းဝင်ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ရွှေတောင် မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မယားမာန်ကျေးရွာအုပ်စု ၊မယားမာန်ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီး နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များမှအရာရှိ၊ အရာခံစစ်သည်မိသားစုများ၊ အလှူရှင်ပြည်သူများ၊ ရွှေနတ်တောင်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များ၊ ရပ်နီးရပ်ဝေးရှိ ဘုရားဖူးဧည့်သည်တော်များ တက်ရောက်ပူဇော်ခဲ့ကြသည်။

အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့မရွှေမော်တော်ကျောင်းဆရာတော်ထံ ကိုးပါးသီလခံယူခြင်း၊ နှစ်ထပ်စိန်ဖူးတော်ကြီးနှင့် ငှက်မြတ်နားတော်ကြီးတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချအမျှဝေခဲ့ကြသည်။

ထို့နောက် နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆရာတော်သံဃာတော်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အလှူရှင်များမှ လွှဲပြောင်းယူ၍ လက်ယာရစ် (၃)ပတ် လှည့်လည်ပူဇော်ခဲ့ပြီး စေတီတော်၏ အထွဋ်အထိပ်သို့ နတ်မြင်းပျံ ပန်းရထားဖြင့် နှစ်ထပ်စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား မင်္ဂလာအချိန်တွင် ပင့်ဆောင် တင်လှူပူဇော်ခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးလျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ဆက်)