သထုံ မတ် ၅
မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင်လေးဆူဓာတ်စံရွှေစာရ ံစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် (၂၁)ကြိမ်မြောက် ဗုဒ္ဓါဘိသေကအနေကဇာ တင်ပွဲတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိ သု၀ဏ္ဏဘူမိသာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အရုဏ်တက်အချိန်၌ သထုံမြို့နယ်အတွင်းရှိ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် ပူဇော်ကြသည်။
ယင်းနောက် သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြပြီး စေတီတော်ဩဝါဒါစရိယ သဒ္ဓမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သုမနာဘိဝံသထံမှ သီလခံယူကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော မေတ္တသုတ် အစရှိသည့် ပရိတ်တရားတော်များ နာယူ ကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ် ဌာန ဆိုင်ရာများ၊ အလှူရှင်များစုပေါင်းကာ ကြွရောက်လာကြသည့် ကျောင်းတိုက် အသီးသီးမှ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တပျော်တပါးလောင်းလှူခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)