ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

ကန့်ဘလူ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့်ပန်းချီပညာရှင်တို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန ၌  ယနေ့နံနက် ၉ နာရီ က နွေရာသီ အခြေခံပန်းချီ သင်တန်း(အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းချီသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းသား လူငယ်လူရွယ် များ နွေရာသီကျောင်းပိတ်ရက်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စိတ်ကူးစိတ်သန်းကောင်းများဖြင့် ပန်းချီရေးဆွဲနိုင်စေရန်၊ ပန်းချီပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ တွေးခေါ်မှုစွမ်းရည်များ တိုးတက်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံ ပန်းချီသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပန်းချီဆရာ ဦးစိုးမြင့်ဝေ (ပန်းချီစိုးမြင့်ဝေ) က ပန်းချီပညာအတွက် အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊ ပန်းချီပညာအယူအဆနှင့် ပန်းချီအခြေခံ စည်းမျဉ်း၊ စည်းကမ်းများ၊ ပန်းချီပညာ၏ အလင်းအမှောင်၊ အနီးအဝေး အယူအဆပိုင်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ အခြေခံပန်းချီရေးဆွဲနည်းများကို လက်တွေ့သင်ကြားပို့ချသည်။

အခြေခံပန်းချီသင်တန်းသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ မတ် ၅ ရက် မှ ၁၄ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)