အင်္ဂပူ၌ ရှမ်းတောကျေးရွာမှပြည်သူများ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်း ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် လုပ်ကိုင်ခွင့်ရရှိ

အင်္ဂပူ   စက်တင်ဘာ    ၃၀

အင်္ဂပူမြို့နယ်၊ ဘုရားကွင်းကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာမှပြည်သူများ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေဖြင့် စီးပွားရေးလုပ်ငန်းများ အခက်အခဲမရှိ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ၌ကျေးရွာမတည်စီမံကိန်း ရန်ပုံငွေ(၁၀၀)သိန်းဖြင့် စိုက်ပျိုးရေးလုပ် ငန်းလုပ်ကိုင်သူ (၁၈)ဦး ၊ မွေးမြုရေးလုပ်ငန်း လုပ်ကိုင်သူ(၁၀)ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ် ကိုင်သူ(၇)ဦး၊ စုစုပေါင်းအသင်းသား ၃၅ ဦးရှိကြောင်း၊ ယခုလို ကိုဗစ် -၁၉ ကာလအတွင်းမှာ စီမံကိန်းရန်ပုံငွေ ရရှိသည့်အတွက် ၎င်းတို့၏ စီးပွားလုပ်ငန်းများအား အရှိန်အဟုန်မပျက်၊ အခက်အခဲမရှိ လုပ်ကိုင်နိုင်ကြောင်း ရှမ်းတောကျေးရွာမှကို ကျော်ဇင်ဦးထံမှသိရသည်။

အင်္ဂပူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးလက်နေ ပြည်သူများ၏ မိသားစုဝင် ငွေလျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ရေးအတွက်(CERP)အရကျေးရွာမတည်ရန်ပုံ ငွေစီမံကိန်း(VRFP) ရန်ပုံငွေဖြင့် မကျည်းကုန်းကျေးရွာအုပ်စု၊ ပိန်းအင်းကုန်ကျေးရွာ အတွက် ရန်ပုံငွေကျပ်၃၀၀သိန်း၊ ညောင်ပင်တဲကျေးရွာအုပ်စု၊ ညောင်ပင်တဲ ကျေးရွာအတွက် ရန်ပုံငွေကျပ် ၂၀၀ သိန်းနှင့် ဘုရားကွင်ကျေးရွာ အုပ်စု၊ ရှမ်းတောရွာအတွက်ရန်ပုံငွေကျပ် ၁၀၀ သိန်း၊ စုစုပေါင်းကျပ် ၆၀၀ သိန်းအား ကျေးရွာကော်မတီများထံ ထုတ်ပေးခဲ့ပြီး လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်း အနှီးရရှိစေပြီးရရှိသည့် ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသော ရန်ပုံငွေဖြင့် စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှသိရသည်။

မန်းကျော်(ပြန်/ဆက်)