မြန်အောင် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် နှောကုန်းကျေးရွာရှိ သစ္စာဓိဌာန် မုနိဟန် ရုပ်ရှင်တော်မြတ်ဘုရားကြီးတွင် (၃၁)ကြိမ်မြောက် အဘိဓမ္မာ (၇)ကျမ်း ရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲနှင့်ငွေဆွမ်းလောင်းလှူပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့ ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့်သံဃာတော် အရှင်သူမြတ် (၃၆)ပါး၊ အလှူရှင်များ၊ ဥပုသ်သီလ သတင်းဆောက်တည်ကြသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် သစ္စာဓိဌာန် မုနိဟန် ရုပ်ရှင်တော်မြတ်ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ပြည်ကြီးတံခွန် ဦးမောင်ထွန်းက ဘုရားသမိုင်းကြောင်းနှင့် တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းလျောက်ထားပြီး သစ္စာဓိဌာန် မုနိဟန် ရုပ်ရှင်တော်မြတ်ဘုရားကြီး အဝင်လမ်း ကွန်ကရစ်လမ်းခင်းရာတွင် မတည်လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သဲဖြူကျောင်းဆရာတော် ဥူးသောဘိတထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချတရားနာ ယူခဲ့ကြသည်။ ထို့နောက်ကြွရောက်ချီးမြှင့်ကြသည့် သံဃာတော်အရှင်သူမြတ်တို့အား ငွေဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)