ဒေးဒရဲ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ ဝတ္တကမြေပေါ်တွင် ဗုဒ္ဓဘာသာဝင် ပြည်သူများ၏ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှု၊ သဒ္ဓါတရားပြည့်စုံထက်သန်မှု၏ ပြယုဂ်အဖြစ်တည်ရှိပြီး သာသနာတော်အရှည်တည်တံ့ရန်နှင့် ဘာသာသာသနာဖွံ့ဖြိုးထွန်းကားသော မြို့နယ်တစ်ခု အနေဖြင့် ရေရှည်စည်ပင်သာယာဝပြောမှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွင် ဌာပနာတော်များ ထည့်သွင်းလှူဒါန်းပွဲ မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈) နာရီက ကျင်းပပြုလုပ်ခဲ့ရာ သြဝါဒါစရိယဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။
မင်္ဂလာအခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာတော်များက ပရိတ်တော်များ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခြင်းနှင့် ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များက ဌာပနာထည့်သွင်းလှူဒါန်းမည့် ဓာတ်တော်များနှင့် စိန် ရွှေ ရတနာပစ္စည်းများကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ငြိမ်းချမ်းလာဘ်ရွှင် အဘယလာဘမုနိ အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဌာပနာတိုက်သို့ ဌာပနာတော်များ ပင့်ဆောင်လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့နောက်တက်ရောက်လာသူများက ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ၂၀၂၂ ခုနှစ် မတ်လ(၁)ရက်နေ့တွင် မြေသန့်မင်္ဂလာနှင့် ပန္နက်တော်တင် မင်္ဂလာအခမ်းအနားဖြင့် အမြင့်ပေ(၂၀)ရှိသော ဂန္ဓကုဋိတိုက်ပေါ်တွင် ဉာဏ်တော်(၂၇) ပေရှိသော ရုပ်ပွားတော်မြတ်ကြီးကို မြန်မာမှုဗိသုကာ လက်ရာများဖြင့် စုစုပေါင်းကုန်ကျငွေ (၂၃၀၀)သိန်းဖြင့် တည်ထားလျက်ရှိရာ ၂၀၂၃ ခုနှစ် မတ်လကုန်တွင် လုပ်ငန်းအားလုံး၏ (၉၀) ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း