သရက် မတ် ၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို မတ်လ(၃)ရက် နံနက်(၁၀)နာရီက ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွင် ကျင်းပရာ ခရိုင်အဆင့် ဖိတ်ကြားထားသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပိတောက်ပင်ကျေးရွာနှင့် အကောက်တဲကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ခရိုင်ဦးစီးမှူးက ပိတောက်ပင်ကျေးရွာနှင့် အကောက်တဲကျေးရွာတို့မှ လူနေအိမ်(၁၀၀)လုံးအတွက် လေဘေး ဒဏ်ခံနိုင် ရည်ရှိစေရေး ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝယ်ယူထားရှိရမည့် ပစ္စည်းများနှင့် ပတ်သက်၍ ဆွေးနွေးပေးခဲ့သည်။
ထို့နောက် ပိတောက်ပင်ကျေးရွာမှ လူနေအိမ်(၅၀)လုံး၊ အကောက်တဲကျေးရွာမှ လူနေအိမ်(၅၀) လုံးအတွက် လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အိမ်ဆောက်ပစ္စည်းဖိုးငွေများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာန ခရိုင်ဦးစီးမှူးက ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)