ကျိုက်လတ် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ကလပ်ရပ်ကျေးရွာအုပ်စု၊ ချမ်းမြေ့သာယာဘုန်းတော်ကြီးကျောင်းတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃)ဦးထွန်းဆွေနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံတော်ရှေ့ဆက် သွားမည့်မူဝါဒ လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်ရောက်ပြီး ကျောင်းစာကို ကြိုးစားကြစေလိုကြောင်း၊ ကျေးရွာစာကြည့်တိုက်များတွင် ဗဟုသုတရမည့် စာအုပ်များ ထားရှိ၍ ဖတ်စေလိုကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် မိမိကလေးများအား အထူးဂရုစိုက်ရန်၊ ကလေးငယ်များအား ကာကွယ်ဆေးများထိုးကြရန်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ စီးနင်းကြရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ မိမိနေအိမ်ပတ်ဝန်းကျင် သန့်ရှင်းရေး ရပ်ရွာရှိ ခြုံနွယ်များ ရှင်းလင်းရေးကိစ္စများ၊ မလိုလားအပ်သော ကိစ္စရပ်များ ကျေးရွာအတွင်း မဖြစ်ပွားစေရေး၊ ဧည့်စာရင်းများ စနစ်တကျ တိုင်းကြားရန်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမှုအခြေအနေ၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ပြုလုပ်ပေးမှု အခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ပေးနေမှု အခြေအနေ၊ တယ်လီဖုန်း ဆင်းကဒ်များ တရားဝင်မှတ်ပုံတင်ပြီး စနစ်တကျ သုံးစွဲကြရန်၊ နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည်များကို တရားဝင်ထုတ်လွှင့်နေသည့် MRTV ၊ MWDတို့ကို ကြည့်ရှုပါမှ အမှန်ကိုသိရှိမည်ဖြစ်ကြောင်း၊ တရားမဝင်ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက်စေလိုကြောင်း၊ အခွန်(၄)မျိုး ပြေကြေစွာ ဆောင်ရွက်နိုင်ရေးကိစ္စ၊ စိုက်ဘဏ်ချေးငွေများအား စနစ်တကျပေးရန်၊ ပုံစံ(၇) ပြုလုပ်ပေးမှု အခြေအနေ၊ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအကြောင်း သိကောင်းစရာများ၊ မြစ်ကြောင်းတစ်လျှောက် ငါးသယံဇာတများ ပေါကြွယ်စေရေး ငါးလုပ်ငန်း ဥပဒေအကြောင်း သိကောင်းစရာများ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် ဓာတုဗေဒ မြေသြဇာများအစား သဘာဝမြေဩဇာများ အစားထိုး အသုံးပြုစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)