ကျိုက်လတ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ကျိုက်လတ် မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးအန္တရာယ် ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ စာစစ်ဌာနများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနိုင်စေရန်နှင့် မီးဘေးအန္တရာယ် ဖြစ်ပေါ်မှု မရှိစေရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဇေယျာမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်  စာစစ်ဌာနများရှိ စာဖြေခန်းများတွင် မီးကြိုးများ တပ်ဆင်ထားမှုအခြေအနေ၊ မီးသတ်ဆေးဗူးထားရှိမှု၊ ကျောင်းဝင်းအတွင်း ရေကန်များ ရေဖြည့်သွင်းထားရှိမှု၊ အမှိုက်သရိုက်များအား စနစ်တကျ ရှင်းလင်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ ထားရှိမှုတို့ကို မီးသတ်ဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိစေရေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  အဆိုပါ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ပညာရေးဌာနမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)