ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး(၂)ဦးအား ငွေကျပ် (၁၅)သိန်းစီ ထောက်ပံ့ငွေပေးအပ်

သရက် မတ် ၅

မကွေးတိုင်းဒေသကြီး သရက်မြို့တွင်  အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၂)ဦး အား ပီတိပညာရေး ပရဟိတမှ ငွေ(၁၅)သိန်းစီ  ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို  ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပီတိပညာရေး ပရဟိတ နာယက ဦးအောင်ကျော်စိုးက ယခုလို သက်ပြည့်အငြိမ်းစားယူပြီး ဆရာကြီးဆရာမများ လစဉ်အလှူငွေပေးအပ်ရာမှာ စေတနာအလှူငွေ ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာအလှူငွေကောက်ခံ ဆောင်ရွက်ရသည့် အခြေအနေများကို ရှင်းလင်းပေးခဲ့သည်။

ထို့နောက် အငြိမ်းစားပင်စင်ယူထားသည့် ဆရာမကြီး(ငြိမ်း) ဒေါ်ခင်မြအုန်းနှင့် ဆရာမကြီး ဒေါ်စန်းစန်းနု(ကွယ်လွန်)တို့(၂)ဦးအားပီတိပညာရေး ပရဟိတမှ ထောက်ပံ့သည့် ငွေကျပ်(၁၅) သိန်းစီကို ပီတိပညာရေးပရဟိတ နာယက ဦးအောင်ကျော်စိုးက ပေးအပ်ရာ လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။ ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ရန်အတွက် ပညာရေး (ငြိမ်း) ဆရာမ ဒေါ်ခင်မြအုန်းနှင့် ဆရာမ ဒေါ်စန်းစန်းနု (ကွယ်လွန်) ကိုယ်စားတို့က အလှူငွေ(၂)သောင်းကျပ် လှူဒါန်းရာ ပီတိပညာရေး ပရဟိတအဖွဲ့ဝင် ဆရာမ ဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)