မြန်အောင် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသစမ်းရွာကြီး ကျေးရွာအုပ်စုတွင် ယနေ့နံနက်က မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ကြီး(၅)ကြောင်းနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်၊ တောင်ရိုးဒေသ စမ်းရွာကျေးရွာ စမ်းရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံ ကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်နှင့် ဌာနဆိုင် ရာအကြီးအကဲများက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား /သူများ အခက်အခဲမရှိစေရန်၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်း လမ်းတံတားကောင်း မွန်ရေး၊ ကာကွယ်ဆေးထိုးနှံရေး ၊နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်းဆောင် ရွက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ် တကျလိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်း သာယာလှပရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်၍ ကျေးရွာပြည်သူများ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ ဌာနများက ပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင် ဦးဆောင်သော အဖွဲ့မှ အ.မ.က စမ်းရွာကျောင်းအတွက် 350 W ဆိုလာလျှပ်စစ်မီးတစ်လုံး ပေးအပ်လှူဒါန်း၍ အ.မ.က စမ်းရွာ ကိုယ်ထူကိုယ်ထ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်း ပျက်စီးနေမှုနှင့် ပုသိမ်-မုံရွာကားလမ်းနှင့်ကျေးရွာများ ဆက်သွယ်ထားသော ပဲစိချောင်းတံတား အရှည် ၁၃၀ ပေ ကြမ်းခင်းနှင့် လက်ရမ်းပျက်စီးနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)