ပွင့်ဖြူ မတ် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန်နှင့် လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေမှ အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမူလတန်းကျောင်းဝန်းအတွင်း အလျား ၄ ပေ၊ အနံ ၄ ပေ၊ အမြင့် ၇ ပေရှိ လုံးချင်းအိမ်သာ တည်ဆောက်နေမှုလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် ရပ်မိရပ်ဖများက မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာသင်ကျောင်းဝန်းအတွင်း လုံးချင်းအိမ်သာတည်ဆောက်နေမှုနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာပြည်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လုံးချင်းအိမ်သာ တည်ဆောက်နေမှုလုပ်ငန်းအား ရေရှည်အသုံးပြုနိုင်ရေးအတွက် အရည်အသွေးပြည့်မီအောင် တည်ဆောက်သွားကြရန်လိုကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်သည့် ငွေစာရင်း၊ ဇယားများကို စနစ်တကျ မှတ်တမ်းပြုစု၍ ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )