ကျောက်တန်းမြို့၌ စာပေဟောပြောပွဲကျင်းပမည်

ကျောက်တန်း ဖေဖော်ဝါရီ ၂၈

အနာဂတ်၏မျိုးဆက်သစ်လူငယ်များ စာပေကိုစိတ်ဝင်စားလာစေရန်နှင့် စာပေတန်ဖိုးကို သိရှိ နားလည်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေပြည်သာကွက်သစ် (သီလဝါ) ၌ ကျေးရွာစာကြည့်တိုက် ဖြစ်မြောက်ရေး အထိမ်းအမှတ်  စာပေဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၅ နာရီတွင် ရွှေပြည်သာကွက်သစ်ဓမ္မာရုံ၊ သီလဝါကျေးရွာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာပေဟောပြောပွဲတွင်  စာရေးဆရာ ချစ်ဦးညို ၊ ဆရာမောင်သာချိုနှင့် ဆရာမ နှင်းပန်းအိမ်တို့က စာပေဆိုင်ရာများကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အခုလို စာပေဟောပြောပွဲကျင်းပတာဟာ ပထမအကြိမ် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့  ယနေ့ခေတ်လူငယ်တွေဟာ ဖုန်းတွေနဲ့ပဲ အချိန်ကုန်နေကြပါတယ်၊ လူငယ်တွေ စာပေရဲ့တန်ဖိုးကို နားလည်ပြီး စာပေမှာ မွေ့လျော် လာစေဖို့နဲ့ ကျွန်တော်တို့ကျေးရွာမှာလည်း အခြားကျေးရွာများနည်းတူ ကျေးရွာစာကြည့်တိုက် ပေါ်ပေါက်လာစေဖို့၊ ကျေးရွာသူ/ ကျေးရွာသားတွေ စာကြည့်တိုက်ကို အသုံးပြုတတ်လာစေချင် လို့  ယခုလို စာပေဟောပြောပွဲကို ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်" ဟု ဒေသခံဖြစ်သူ ဦးသန်းမြင့် က ပြောကြားကြာင်းသိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)