မုံရွာ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနရှိ စိုက်ပညာရှင် ဝန်ထမ်းများ မှိုမျိုးစေ့ထုတ်နည်းပညာများ၊ မှိုစိုက်ပျိုးနည်းပညာများသိရှိပြီး ဒေသတွင်း မှိုစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် မှိုစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ မှိုစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများသိရှိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကော်မတီနာယက၊ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းလွင်က အဖွင့်အမျာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မုံရွာမြို့နယ် ဦးစီးမှူး ဦးစိုးသက်အောင်က အလုပ်ရုံဆွေးနွေးပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိက အလုပ်ရုံဆွေးနွေးပွဲအတွက် လိုအပ်သည်များအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး မှိုစိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး၊ မုံရွာမြို့မှ စိုက်ပညာရှင်ဝန်ထမ်း(၅)ဦးက ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်တွေ့ ပြသခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသော မှိုစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ ဝန်ထမ်းများမှ စိတ်ပါဝင်စားစွာ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးညှိနှိုင်းအဖွဲ့ ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်မှဝန်ထမ်းများနှင့် မုံရာမြို့နယ်မှ မှိုစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ စုစုပေါင်း (၁၀၀)ဦးနှင့် Online မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်မှ စိတ်ပါဝင်စားသူ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)