သရက်ချောင်း မတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် (အ.ထ.က) သရက်ချောင်းကျောင်း စာစစ်ဌာနနှင့် အနီးစပ်ရာစျေးဆိုင်၊ နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေမျိုးဆေးက တက္ကသိုလ်စာမေးပွဲ ကျင်းပပြုလုပ်မည့် (အ.ထ.က) သရက်ချောင်းကျောင်း စာစစ်ဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးချိပ်၊ မီးကတ်၊ မီးသတ် ဆေးဘူးများ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် သုံးစွဲပုံနည်းလမ်းများ၊ ရေရရှိရေး ဆောင်ရွက်ထား ရှိမှုများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးခြင်းမပြုရန် ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းကော်မတီဝင်များအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တက္ကသိုလ်စာမေးပွဲဖြေဆိုရန် စာစစ်ဌာနများနှင့် အနီးစပ်ရာ စျေးဆိုင်၊ နေအိမ်များ သို့ တစ်အိမ်တက်တစ်အိမ်ဆင်း မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများကို စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ် ဖြစ်ပေါ်လာလျှင် မီးသတ်ဦးစီးဌာနသို့ အမြန်ဆက်သွယ်နိုင်ရန် (191) စတေကာပြားအကြီးများကို အလွယ်တကူမြင်နိုင်သည့် နေရာများတွင် ကပ်နှိပ်ခြင်းများ ဆောင်ရွက်ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)