ကော့သောင်း၊ စက်တင်ဘာ ၃၀
နေရပ်ပြန်မြန်မာရွေ့ပြောင်းအလုပ်သမား ခလေးငယ်ခုနစ်ဦးအပါအဝင် အမျိုးသား ၁၀၁ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း အလုပ်သမား ၁၁၈ ဦး ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်ခန့်က ထိုင်းနိုင်ငံရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေလမ်းခရီးဖြင့် ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကာလအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြည်ပတွင် ရေးယူမှုခံယူနေခဲ့ရသူများဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာရွေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီ၏ ကြီးကြပ်ညှိနှိုင်းမှုဖြင့် ပြန်လည်ဝင်ရောက်လာခြင်း ဖြစ်သည်။
ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ကော့သောင်းခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်NGO အဖွဲ့အစည်းများက ရောဂါ ကူးစက်မှုသံသယရှိသူများပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသားမဟုတ်သူများပါဝင်လာခြင်း ရှိ/မရှိ စစ်ဆေး လက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများအားလုံးကို ကော့သောင်းမြို့ရှိ Community Based Facility Quarantine Center များတွင် Facility Quarantine (၁၄)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်ပြီး Swab နမူနာများအား အမျိုးသားကျန်းမာရေးဌာနသို့ ပေးပို့ပြီးဓာတ်ခွဲစစ်ဆေးကာ ရောဂါပိုးမတွေ့ရှိသူ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်နေထိုင်ကြသူများအား မိမိတို့နေထိုင်ရာ တိုင်းနှင့်ပြည်နယ်များရှိမြို့များ အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်များတွင် Home Quarantine (၇) ရက် ဆက်လက်စောင့်ကြည့်မှုခံယူကြရမည် ဖြစ်သည်။ ကော့သောင်းဒေသခံများကိုမှု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်၏ကြီးကြပ်မှုဖြင့်မိမိတို့အိမ်တွင် Home Quarantine (၇) ရက် ဆက်လက်ထားရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)