ပုလော မတ်လ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အမှတ် (၁) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုဝင်းသည် မြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများကို ယနေ့နံနက် ၉ နာရီခန့်က ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပုလောမြို့ အမှတ် (၁) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုဝင်းက ဌာနအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ မြို့သန့်ရှင်းရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ကြရန်၊ ယခုနှစ်အတွင်း ဆောင်ရွက်ရန်ရှိသည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီအပ်နှံနိုင်ရေးဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ ခရီးသွားလာမည်ဆိုပါက ခွင့်ပြုချက်ရယူဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထိုနောက် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ရာ အမှတ် (၁) စစ်နယ်မြေမှူးက ဌာနအလိုက် တင်ပြဆွေးနွေးမှုများနှင့် ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော)