ဝေါ မတ် ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏(၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲဖွင့်ပွဲကို မတ်လ (၃) ရက်နေ့ နံနက်(၉:၃၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာဖွင့်လှစ်ပေးပြီး မတ်လ ၅ ရက်နေ့ (တပေါင်းလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအား နမောတဿ(၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ၊အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဋ္ဌ ဦးသီဟထွန်း၊ အဖွဲ့ဝင် ဦးဝင်းဇော်ဦး၊ အဖွဲ့ဝင်ဦးကြည်ဝင်း၊ သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဥက္ကဋ္ဌ ဦးကျော်မြင့်၊ ဒုဥက္ကဋ္ဌ ဦးဌေးအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ဘုရားကြီးအား လက်ယာရစ်(၁)ပတ်လှည့်လည်ပူဇော်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များ ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ အသက်တော် (၈၀)နှင့်အထက်၊ ဝါတော်(၅၅)ဝါနှင့်အထက်ရှိ သက်တော်ရှည်ဆရာတော်ကြီး(၁၀)ပါးအား ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော် (၁၆၈)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို (တပေါင်းလပြည့်နေ့)တွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)