ဝါးခယ်မ မတ်လ ၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ကဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ သီရိဟေမာ ရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိလာရာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယင်းနောက် သီရိဟေမာရပ်ကွက်၊ မြို့မလမ်း၊ မြတ်စွယ်တော်ကျောင်းတိုက်တွင် (၉၄)ကြိမ်မြောက် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပရာ ၎င်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတ အမှူးပြုသော သံဃာတော်(၇)ပါး၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တက်ရောက်ပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊ ဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ (၅)ပါးသီလခံယူခြင်း၊ ဗုဒ္ဓပူဇနိယပွဲတော်အား ဘဒ္ဒန္တပညာဇောတ၊ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စွယ်တော်မြတ်အား ဂန္ဓကုဋိတိုက်မှ ယာယီရွှေကျောင်းတော်သို့ပင့်ဆောင်ခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊ ပွဲတော်အား မတ်လ ၂ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး လာရောက်ဖူးမြှော် ကြည်ညိုကြမည့် ရဟန်း/ရှင်/ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီဖူးမျှော်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ကြခတ်ကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ရာ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ တက်ရောက်ခဲ့ကြောင်း၊ ကြခတ်ကုန်းကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းနိုင်နှင့်အဖွဲ့က ဦးဆောင်၍ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP-Phase 2)ဖြင့် လျှပ်စစ်ထရန်စဖေါ်မာ SEM (50 KVA) (၁)လုံးနှင့် (11 KV) လျှပ်စစ်ဓာတ်အားလိုင်း(၁၅၀)ပေ၊ (400 V) လျှပ်စစ်ဓာတ်အားလိုင်း(၂၅၄၃၃) ပေတို့အားတပ်ဆင်ပြီး အိမ်ခြေ(၇၅)လုံးရှိသည့်အနက် အိမ်သုံးလျှပ်စစ်မီတာ(၂၃)လုံး တပ်ဆင်အသုံးပြုလျက် ရှိကြောင်း၊ ဆက်လက်၍ ကလကျေးရွာအုပ်စု၊ ကလတောင်နှင့် ကလမြောက်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ရာ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ကလတောင်နှင့် ကလမြောက်ကျေးရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့် နှင့်အဖွဲ့က ဦးဆောင်၍ အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံကိန်း (NEP-Phase 2)ဖြင့် လျှပ်စစ် ထရန်စဖေါ်မာ SEM (100 KVA) (၁)လုံး၊ SEM (50 KVA) (၁)လုံးနှင့် (11 KV) လျှပ်စစ်ဓာတ်အားလိုင်း (၁၅၈၄၀)ပေ၊ (400 V) လျှပ်စစ်ဓာတ်အားလိုင်း(၁၁၆၀၀)ပေတို့အားတပ်ဆင်ပြီး အိမ်ခြေ(၁၃၈)လုံး ရှိသည့်အနက် အိမ်သုံးလျှပ်စစ်မီတာ(၆၀)လုံး တပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။