ကန့်ဘလူမြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေး

ကန့်ဘလူ မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးအတွက် လစဥ် လဆန်းပိုင်းရက်များတွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင် နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက် ၂ နှစ်အောက်ကလေးငယ်များ အား အသက်အပိုင်းအခြားအလိုက် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပိုလီယိုကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ဗီတာမင်အေ စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ရာ ယနေ့အထိ ကလေးငယ် ၁၇၆ ဦးခန့်နှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ၄၁ ဦးခန့် ထိုးနှံပေးပြီးဖြစ်ကြောင်း သူနာပြုဆရာမ ဒေါ်ဝင်းဝင်းမြင့်ထံမှ သိရသည်။

ကျန်ရှိသော အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ် ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)