ခမောက်ကြီးမတ်၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရွှေဘုန်းပွင့်တောင်တော်၊ တိလောကာရုံပရိယတ္တိစာသင်တိုက်တွင် ၁၃၈၄ ခုနှစ် တပေါင်းလပြည့်နေ့ တနင်္ဂနွေနေ့တွင်ကျရောက်မည့် တိလောကာရုံကျောင်းတိုက်နာယကဆရာတော်ဘုရားကြီး၏ (၅၃)နှစ် ပြည့်မြောက် မွေးနေ့ချိန်ခါသာမယကို အကြောင်း ပြု၍ သာမယသဘာဗုဒ္ဓါဘိသေကမင်္ဂလာ ပဌာန်းပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ကပြုလုပ်ခဲ့သည်။
အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် မြတ်စွာဘုရားရှင်အား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်၍ ခမောက်ကြီးမြို့ နာယကဆရာတော်နှင့် ပင့်သံဃာဆရာတော်ကြီးများ၊ အသံမစဲပဌာန်းရွတ်ဖတ်ကြမည့် သံဃာတော်အရှင်သူမြတ်တို့က ပဌာန်းဖွင့်ပွဲသို့လာရောက်ကြသည့် ဧည့်ပရိသတ်များနှင့်ဝတ်ရွတ်အဖွဲ့တို့အား ငါးပါးသီလနှင့်သရဏဂုံဆောက်တည်စေခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပေးခဲ့ကြသည်။ ယင်းနောက်ဝတ်ရွတ်အဖွဲ့တို့က မဟာပဌာန်းနိဿယပါဠိတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များက ပဌာန်းကျမ်းတော်ကြီးကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို တပေါင်းလဆန်း(၁၁)ရက်နေ့မှ ဝိဇာတမင်္ဂလာနေ့ ကျရောက်မည့်တပေါင်းလပြည့်နေ့ထိ ငါးရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါသည်။
ခမောက်ကြီး(ပြန်/ဆက်)