မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများက ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာရိုးရာမပျက် ဘုရားဖူးသွားရောက်

မင်းဘူး မတ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံပြည်သူများသည် မန်းရွှေစက်တော်ဘုရားပွဲတော်သို့ လှည်းယာဉ်တန်းများဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် နှစ်စဉ်ဘုရားဖူးသွားရောက်လေ့ရှိရာ ယခုနှစ်တွင်လည်း လှည်းအစီးရေ(၂၀)ခန့်ဖြင့် မတ်လ ၂ ရက်၊ မွန်းလွဲ ၃ နာရီခွဲအချိန်က ဘုရားဖူးသွားရောက်ခဲ့ကြောင်း သိရသည်။

မင်းလှကျင်းကျေးရွာမှ ဒေသခံများက မန်းရွှေစက်တော်သို့ လှည်းယာဉ်တန်းများဖြင့် ဘုရားဖူး သွားရာတွင် နှစ်စဉ်တပေါင်းလဆန်း ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် သွားရောက်လေ့ရှိပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့ညနေမှသာ ပြန်လာလေ့ရှိကြောင်း၊ ဘုရားရောက်ချိန်တွင် ဆင်စခန်းအထက် မန်းချောင်းဘေးတွင် စခန်းချကာ ဘုရားကြီးတွင် ၄ ရက်ကြာ နေ့ထိုင်လေ့ရှိပြီး မန်းရွှေစက်တော်ရာ ပါဒခြေတော်ရာနှစ်အား နေ့စဉ်သွားရောက်ဖူးမြော်ကြကြောင်း၊ ထို့အပြင် အာရုံတက်ချိန် (နံနက်ခင်းအချိန်)ဘုရားကြီးတွင် ဘုန်းကြီးဆွမ်းလောင်းခြင်း၊ ဘုရားရွှေသင်္ကန်းကပ်လှူခြင်း၊ အလှူအတန်းများနှင့် ကောင်းမှုကုသိုလ်များပြုလုပ်၍ တစ်နှစ်တာကာလပင်ပမ်းခဲ့သမျှ ဘုရားရောက်ချိန် မန်းချောင်းနဘေး ရေချိုးရင်းအပမ်းဖြေအနားယူလေ့ရှိကြောင်း မင်းလှကျင်းကျေးရွာမှ ဒေသခံ ဦးမောင်ဝင်းက ပြောသည်။

မင်းလှကျင်းကျေးရွာသည် အိမ်ခြေ(၁၉၇)အိမ်၊ အိမ်ထောင်စု(၂၀၃)စု၊ လူဦးရေးအားဖြင့် (၇၈၀)ကျော်ရှိပြီး မန်းရွှေစက်တော်ဘုရားကြီးနှင့် (၁၂)မိုင်ခန့်ဝေးကာ ရှေးယခင်ဘိုးဘွားများ လက်ထက်ကပင် မန်းရွှေစက်တော်ဘုရားပွဲတော်ချိန်ရောက်တိုင်း လှည်းယာဉ်တန်းများဖြင့် ယနေ့အထိတိုင် နှစ်စဉ်ဘုရားဖူးသွားရောက်ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားပွဲတော်သို့ သွားရောက်နိုင်ခဲ့ခြင်းမရှိဘဲ ယခုနှစ်မှသာ ပြန်လည်သွားရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင် သွားရောက်ခဲ့သည့်နှစ်များတွင် လှည်းအစီးရေ (၆၀)ကျော်ဖြင့် သွားရောက်ခဲ့ရာ ယခုနှစ်တွင်မူ လှည်းယာဉ်တန်းအစီးရေ (၂၀)ခန့်သာ ဘုရားဖူးသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုသွားရောက်ခြင်းသည် ရိုးရာဒေလေ့ကို ဖော်ညွှန်းသည့်အနေဖြင့် ရှေးအစဉ်အလာ ရိုးရာမပျက် သွားရောက်ခဲ့ခြင်းဖြစ်ကာ နောင်လာမည့်နှစ်များတွင်လည်း ရိုးရာအမွေကို လက်ဆင့်ကမ်းထိန်းသိမ်း သည့်အနေဖြင့် လှည်းယာဉ်တန်းများဖြင့် မန်းရွှေစက်တော်သို့ ဘုရားဖူပျော်ပျော်ပါးပါးသွားရောက်ကြမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနိုင်ငံအတွင်း ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)