မြိတ် မတ် ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒေသတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ပုဂ္ဂလိကခြံရှင်များ၊ လုပ်ငန်းရှင်များမှ အရည်အသွေးမြင့်မားသော ရော်ဘာများထုတ်လုပ်နိုင်ပြီး ဝင်ငွေများတိုးတက်စေရန် ရည်ရွယ်၍ အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်မှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့နယ် ရွှေဒူးကျေးရွာရှိ နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူး၍ ကျင်းပခဲ့သည်။
နှီးနှောဖလှယ်ပွဲကို စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး၊ ဒေါ်အင်ကြင်းခိုင်က နှီးနှောဖလှယ်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် စန္ဒဝတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးအောင်မှ ရော်ဘာစိုက်ပျိုးမှု အခြေအနေများအား ရှင်းလင်းပြောကြား၍ ရော်ဘာခြံရှင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး အရည်အသွေးကောင်း ရော်ဘာထုတ်လုပ်မှုဆိုင်ရာများကို ဆွေးနွေးခဲ့ကြကာ ရော်ဘာအစေးရည်ခဲခြင်းအား သုတေသနနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံစက်ရုံ၌ အစေးသားပါဝင်မှုကို အစေးတိုင်းကိရိယာဖြင့် တိုင်းတာခြင်းနှင့် ရာဘာအစေးရည်ကို အက်စစ်နှုန်းထားအမျိုးမျိုးဖြင့် အစေးခဲသရုပ်ပြခြင်းကို လက်တွေ့ပြသခဲ့ကြသည်။
နှီးနှောဖလှယ်ပွဲတွင် ရော်ဘာအစေးခဲခြင်း၊ ထုတ်လုပ်မှုပုံစံအမျိုးမျိုးနှင့် အတန်းအစားခွဲခြားခြင်း၊ အစေး လှီးချိန်ပေါ်မူတည်၍ အစေးရည်ထွက်ရှိမှု၊ ရော်ဘာအစေးလှီးအတိမ်အနက်နှင့် အစေးကြောကွင်းများလှီးဖြတ်မှု၊ အစေးလှီးစနစ်နှင့်အခေါက်ကုန်ဆုံးမှု၊ ရော်ဘာအစေးလှီးစနစ်အလိုက် အခေါက်ကျနှုန်းတွက်ချက်ခြင်း၊ ရော်ဘာ အစေးရည်ထုထည်နှင့် အခြောက်အလေးချိန်ဆက်စပ်ခြင်း၊ အစေးရည်ခဲရန်အက်ဆစ်ရောစပ်ခြင်း၊ ဖောမစ်အက် ဆစ်နှင့်ဆာရဖျူရစ်အက်စစ် ပမာဏအမျိုးမျိုးဖြင့် အစေးခဲခြင်း၊ ထုတ်လုပ်တင်ပို့ရောင်းချသည့် ရော်ဘာအမျိုး အစားများ၊ ရော်ဘာအတန်းအစားခွဲခြားခြင်း စသည့်ခေါင်းစဉ်များဖြင့် စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းစိုးမှ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
မြိတ်ခရိုင်တွင် ရော်ဘာစိုက်ဧရိယာမှာ (၁၄၉၅၁၂) ဧက၊ အစေးလှီးဧရိယာ (၁၂၇၀၂၄) ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧက (၇၂၀) ပေါင်ထွက်ရှိ၍ စုစုပေါင်းအထွက်မှာ တန်ပေါင်း(၉၁၄)သိန်းကျော်ထွက်ရှိကြောင်း၊ ရော်ဘာ သည် နှစ်ရှည်ပင်ဖြစ်သည့်အားလျှော်စွာ မျိုးရွေးချယ်မှုမှန်ကန်ရန် အလွန်အရေးကြီးပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်းစိုက်ပျိုးသင့်သည့် မျိုးများမှာ BPM 24RRIC-100၊ RRIM-717၊ PB-260၊ PB-235 မျိုးများ ဖြစ်ကြကြောင်း၊ ရော်ဘာခြံငယ်နှင့် ခြံလတ်များသည် မှိုင်းခံရော်ဘာပြားများကိုသာ အများဆုံးပြုလုပ်ကြကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)