ကရသူရိမြို့၌  ဟင်းသီးဟင်းရွက်များ ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများအဆင်ပြေလျက်ရှိ

ကရသူရိ မတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိဒေသခံများသည် မိသားစုစီးပွားရေးဖူလုံရေးအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍  စိုက်ပျိုးထားသူများ နေ့စဉ်ပုံမှန်ဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်းသိရသည်။

“ယခုနှစ်တွေက ဟင်းသီးဟင်းရွက်တွေ‌ဈေးကောင်းရနေလို့ ဝင်ငွေတစ်ခုအနေဖြင့် ၁၀မျိုး ၁၀ဘောင်အဖြစ် စိုက်ပျိုးထားတာဖြစ်ပါတယ်။ သခွားသီး၊ မုန်လာရွက်၊ ခရမ်းသီး၊ ဗူးသီး၊ ကြက်ဟင်းခါးသီးစတဲ့ အမျိုးအစားတစ်မျိုးစီကို အိမ်ဘေးပတ်ဝန်ကျင်ရှိ မြေလွတ်နေရာများတွင် အနည်းအကျဉ်းစိုက်ပျိုးကာ မိသားစုစားဝတ်နေရေးအတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်။”

“ရာသီပေါ်ဟင်းသီးဟင်းရွက်တွေဖြစ်သည့်အတွက် အချိန်တိုအတွင်းမှာ ခူးဆွတ်ရောင်းချနိုင်ပြီး မုန်လာရွက်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်နှင့် ပဲထောင့်ရှည် (၁)စီးကို(၃၀၀)ကျပ်၊ သခွားသီး၊ ခရမ်းသီးနှင့်ကြက်ဟင်းခါးသီး တစ်ပိဿာကို (၁၅၀၀)ကျပ်၊ ဗူးသီးအလုံးငယ်(၇၀၀) ကျပ်နှင့် အလုံးကြီး(၁၂၀၀)ကျပ်ရရှိကြောင်း” စိုက်ပျိုးလုပ်ကိုင်သူတစ်ဦးကပြောသည်။

အဆိုပါ စိုက်ပျိုးထွက်ရှိသမျှဟင်းသီးဟင်းရွက်များကို ကရသူရိမြို့အတွင်းရောင်းချခြင်း၊ ဆိုင်ကယ်ဖြင့်လှည့်လည်ရောင်းချခြင်းနှင့် ဖောက်သည်အဖြစ်ပေး၍ ရောင်းချခြင်းများပြုလုပ် လျက်ရှိကြောင်းသိရသည်။   

ကရသူရိပြန်/ဆက်